House Art

eng btn

Sunday, 14 June 2015 13:36

"စက်ရုပ် နည်းပညာအတွက် စမ်းသပ်တီထွင်မှုတွေအတွက် အခမဲ့ လက်တွေ့စမ်းသပ်ခန်းတွေ ရှိလာဖို့ လိုအပ်တယ်"

Written by  မောင်မန်း

စက်ရုပ်နည်းပညာကို  စမ်းသပ် တီထွင်သူ မသိမ့်သဇင်နှင့် တွေ့ဆုံခြင်း

Theintazin

နည်းပညာနယ်ပယ်မှာ တီထွင်ဖန်တီးမှုတွေကို ကျောင်းသားအရွယ် လူငယ်တွေက တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဖန်တီးမှုလေးတွေ လုပ်လာကြပါတယ်။ ဒီအချိန်မှာ ပြည်တွင်း စက်ရုပ်နည်းပညာ ဖန်တီးသူ ကျောင်းသားလူငယ်တွေ အနေနဲ့ ငွေကြေးအားဖြင့်ရော၊ နည်းပညာပိုင်း မှာပါ အခက်အခဲတွေ ရှိနေကြပါတယ်။

ပြည်တွင်းမှာ စက်ရုပ်နည်းပညာ တီထွင်ဖန်တီးသူတွေအတွက် အခမဲ့လက်တွေ့ စမ်းသပ်ခန်းတွေ ရှိလာမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဆိုလာတဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က BE (IT) တန်း ကျောင်းသူ မသိမ့်သဇင်ကို တွေ့ဆုံမေးမြန်းဖြစ်သမျှထဲက ပြန်လည်ဖော်ပြလိုက်ပါတယ်။

အမေး။ ။ ပထမဆုံးအနေနဲ့ ညီမ ဖန်တီးထားတဲ့ ကားရဲ့ နည်းပညာကို မိတ်ဆက်ပေးပါ။                                          

အဖြေ။ ။ ကားရဲ့ အရှေ့ဘက်မှာ အာရုံခံ စနစ်ပါတယ်။ အဲ့ဒီ အာရုံခံစနစ်က သွားနေတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်း အရှေ့မှာ အတားအဆီးရှိပြီဆိုရင် သူ့ဘာသာ လမ်းကြောင်းရှာပြီး ဆက်သွားနိုင်တယ်။ ထိန်းချုပ်တဲ့ စနစ်အနေနဲ့ Arduino စနစ် (open source ထိန်းချုပ်စနစ်) သုံးထားပါတယ်။

အမေး။ ။ ထိန်းချုပ်စနစ်က လူက ထိန်းချုပ်ပေးရမှာ မျိုးလား။                                                                           

အဖြေ။ ။ မဟုတ်ပါဘူး။ အလိုအလျှောက် ထိန်းချုပ်စနစ်နဲ့ပါ။

အမေး။ ။ ပြည်တွင်းမှာပဲ လုပ်နေတဲ့ နေရာမှာ Raspberry Pi စနစ်လည်းရှိတယ်။ အဲ့ဒီနည်းပညာနဲ့ ဘာတွေ ကွာခြားသလဲ။

အဖြေ။ ။ Raspberry Pi ကတော့ micro processor ဖြစ်သွားပြီ။ Arduino ကတော့ ထိန်းချုပ်စနစ်ပဲ ရှိသေးတယ်။ ဘယ်လိုကွာသလဲဆိုတော့ ဉာဏ်ရည်နဲ့ ခွန်အား ကွာသလိုပေါ့။ ဉာဏ်ရည်ကောင်းတဲ့ကောင်က ဉာဏ်ရည်နဲ့ ဆိုင်တဲ့ အလုပ်မှာ ပိုကောင်းတယ်။ ခွန်အားကောင်းတဲ့ ကောင်ကလည်း ခွန်အားနဲ့ ဆိုင်တဲ့အလုပ်မှာ ပိုကောင်း တယ်။ Arduino က ထိန်းချုပ်စနစ်ဘက်အပိုင်း ပိုအားကောင်းတယ်။

အမေး။ ။ အာရုံခံ စနစ်နဲ့ ကိုယ်တိုင်ထိန်းချုပ်ပြီး သွားတယ်ဆိုတော့ စက်ရုပ်လို့ ခေါ်နိုင်မလား။                                   

အဖြေ။ ။ ဟုတ်တယ်။ Self-control Robot လို့ ပြောနိုင်ပါတယ်။ သူက အသိဉာဏ် ရှိသွားတဲ့ သဘောဖြစ်သွားတယ်။

အမေး။ ။ ဒီကားတွေကို ဘယ်နေရာတွေမှာ သုံးနိုင်မလဲ။                                                                                 

အဖြေ။ ။ အခု ထုတ်လုပ်ထားတာကတော့ အခြေခံသဘောပေါ့။ ဒါကို ဆက်ပြီး တိုးချဲ့လုပ်ဆောင်သွားရင် သုတေသန လုပ်ငန်းတွေ၊ နယ်စပ်စည်းရိုးစောင့်ကြည့်ဖို့ ကင်မရာတပ်ပြီး ဖြစ်ဖြစ် သုံးနိုင်တယ်။ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလို လုပ်ငန်းတွေမှာ လူတွေ မသွားနိုင်တဲ့နေရာကို သွားနိုင်မှာပါ။ အဲ့ဒီနေရာတွေမှာ အသုံးပြု နိုင်ပါတယ်။

အမေး။ ။ ဒီလိုအသုံးပြုနိုင်တဲ့ အဆင့်ရောက်အောင် ဘာတွေဆက်လုပ်သွားဖို့လိုမလဲ။

အဖြေ။ ။ လက်ရှိ အခြေအနေကတော့ လုပ်ငန်းတွေမှာ သုံးလို့ မရသေးဘူး။ အခု သုံးထားတဲ့ Arduino ထိန်းချုပ်စနစ်က ကျောင်းသားတွေအတွက် ရည်ရွယ်တာ။ ဝါသနာရှင်တွေ၊ ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာပါ။ တကယ့်လုပ်ငန်းသုံး ဆိုရင်တော့ PIC လို ဟာမျိုးတွေနဲ့ လုပ်ဖို့ လိုလိမ့်မယ်။

အမေး။ ။ မောင်းနှင်တဲ့ လမ်းကြောင်းကို ဘယ်လို ပုံစံမျိုး သတ်မှတ်ထားလဲ။ အရှေ့က အာရုံခံ စနစ်နဲ့ပဲ သွားနေတာလား။

အဖြေ။ ။ လမ်းကြောင်းအတိုင်းတော့ ဘယ်ကိုသွားဆိုတာမျိုး လုပ်လို့ မရသေးဘူး။ ပိုကောင်းတဲ့ ပစ္စည်းတွေ ထည့်သုံးရင် တော့ရတယ်။ GPS တို့ဘာတို့နဲ့ ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင်တော့ ရမယ်။ ဒီကားမှာ တော့ အဲ့ဒီလိုတွေ မလုပ် ထားသေးဘူး။ ဒီကားမှာတော့ ထိန်းချုပ် စနစ်ထဲကို ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ပရိုဂရမ်ရေးပြီးထည့် ထားပေးရတယ်။ အဲ့ဒီအပေါ်မူတည်ပြီး သွားတယ်။ လမ်းကြောင်းပေါ်မှာ အတားအဆီးရှိရင် ရှောင်သွားနိုင်တဲ့ အနေအထားတော့ ရောက်ပါပြီ။

အမေး။ ။ ဒီကားရဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြောပြပေးပါဦး။

အဖြေ။ ။ အဓိက ဒီကားကို ထိန်းချုပ်ဖို့ Ardunio ဆိုတဲ့ ထိန်းချုပ်စနစ်ကို သုံးထားတယ်။ အရှေ့က အာရုံခံစနစ်က အသံလှိုင်း ထုတ်ပေးတယ်။ ထွက်လာတဲ့ ပဲ့တင်သံကို ပြန်ယူတယ်။ အဲ့ဒါကို ထိန်းချုပ်စနစ်ဆီ ပို့ပေးတယ်။ အာရုံခံစနစ်နဲ့ ထိန်းချုပ်စနစ်ပေါင်းပြီး သွားတယ်။ အရှေ့မှာ အတားအဆီးရှိရင် အာရုံခံစနစ်က ဘယ်ဘက်မှာ လမ်းကြောင်းရှာတယ်။ ဘယ်ဘက်မှာပါ အတားအဆီးရှိနေရင် ညာဘက်ကို ဆက်ရှာတယ်။ နှစ်ဘက်စလုံးမှာ ရှိနေရင် အနောက်ကို ပြန်ကွေ့ထွက်သွားတယ်။ စွမ်းအင်အနေနဲ့က ဘက်ထရီ စနစ်သုံးပါ။ အရွယ်အစားက ခြောက်လက်မလောက် ရှိတယ်။

အမေး။ ။ ဒီနည်းပညာတွေကို လေ့လာခဲ့တာ ဘယ်လောက်ရှိပြီလဲ။                                                                   

အဖြေ။ ။ ခြောက်လလောက်တော့ ရှိပါပြီ။

အမေး။ ။ ကုန်ကျစရိတ်က ဘယ်လောက်အထိ ရှိလဲ။

အဖြေ။ ။ ဈေးနှုန်းက သုံးသောင်းခွဲလောက် ကုန်တယ်။ အရင်ကလည်း ပရောဂျက်တွေ လုပ်ခဲ့တာတွေ ရှိတယ်။ အဲ့ဒီတုန်းက စလုပ်တာဆိုတော့ ပါဝါပေးတာ မှားရင် ဆားကစ်ပျက်သွားရော။ လုပ်ခဲ့တဲ့ တစ်လျှောက်ဆို နှစ်သိန်း၊ သုံးသိန်း လောက်ရှိပြီ။

အမေး။ ။ ညီမက ကျောင်းတက်နေတုန်းဆိုတော့ ကုန်ကျစရိတ်တွေ ဘယ်လို ရှာခဲ့သလဲ။

အဖြေ။ ။ မုန့်ဖိုးထဲက စုရတယ်။ လိုချင်တဲ့ ပစ္စည်းလေးတွေ ရှိလာရင် မုန့်ဖိုးစုပြီး ဝယ်ရတယ်။ အဲ့ဒါကျတော့ အချိန်ပိုကြာ သွားတယ်။

အမေး။ ။ ဒီနည်းပညာကို လေ့လာတဲ့ နေရာမှာ ဆရာတွေရှိသလား။ သင်တန်းတွေ ရောရှိလား။ အွန်လိုင်းက လေ့လာတာ မျိုးလား။ ပြည်ပမှာ လေ့လာခဲ့တာလား။

အဖြေ။ ။ အများအားဖြင့် အွန်လိုင်းက လေ့လာပါတယ်။ လုပ်နေတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ အချင်းချင်း မေးမြန်းပြီး လုပ်ကြရတာပါ။ စစချင်း သိတာကတော့ Raspberry Pi ကို ကျောင်းက အစ်ကိုကြီးတွေက ပရောဂျက်လုပ်ရင်း မိတ်ဆက်ပေးတာ။ အဲ့ဒီကနေ ထိန်းချုပ်စနစ်တွေ လိုက်လေ့လာရင်း Ardunio ကိုတွေ့တယ်။ သူက ဈေးလည်း ပေါတော့ လုပ်ရတာ အဆင်ပြေတယ်လေ။

အမေး။ ။ ငွေကြေးအားဖြင့် ဖြစ်ချင်မှ ဖြစ်မယ်။ နည်းပညာအားဖြင့် အထောက်အပံ့တွေ ဘာတွေရှိသလဲ။

အဖြေ။ ။ နည်းပညာပိုင်းကိုတော့ ကိုယ်ပစ္စည်းဝယ်တဲ့ ဆိုင်တွေကိုလည်း မေးလို့ရပါတယ်။ မသိရင်တော့ အွန်လိုင်းမှာ တက်မေးမြန်းရတာပေါ့။ အွန်လိုင်းမှာတော့ ပြည်ပက လူမှုအဖွဲ့တွေမှာ ရှာဖွေမေးမြန်းရပါတယ်။ အွန်လိုင်းက လေ့လာတာက အခက်အခဲတွေ အများကြီးရှိတယ်။ မေးစရာ လူမရှိတာတို့လိုမျိုး အခက်အခဲတွေရှိတယ်။ ဘေးကနေ လမ်းကြောင်းပေးနိုင်တဲ့ သူရှိရင်တော့ အဆင်ပြေမယ်။

အမေး။ ။ ဒီနည်းပညာတွေကို ပြည်ပထွက်ပြီး လေ့လာဖို့ရော လိုအပ်မလား။ ဘယ်နိုင်ငံတွေမှာ ဒီလိုနည်းပညာတွေ ထွန်းကားသလဲ။                                                                                                                                  

အဖြေ။ ။ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒီနည်းပညာတွေနဲ့ ပတ်သက်ရင် စက်ရုပ်နည်းပညာပိုင်းမှာ ဂျပန်တို့ ဘာတို့ကတော့ ပိုပြီးထွန်းကားတယ်။

အမေး။ ။ စမ်းသပ်တီထွင်နေတဲ့ အချိန်မှာ ငွေကြေးကုန်ကျမှုအတွက် ဘယ်လိုအထောက်အပံ့ ရှိဖို့လိုအပ်လဲ။

အဖြေ။ ။ စမ်းသပ်တီထွင်နေတဲ့ အချိန်မှာ အခမဲ့ လက်တွေ့စမ်းသပ်နိုင်တဲ့ နေရာတွေ ရှိလာရင် အဆင်ပြေမယ်။ ညီမတို့ ဆိုရင် ပရောဂျက် တစ်ခုအတွက် အကြာကြီး ပိုက်ဆံစုရတာတွေ ရှိတယ်။ အဆင်မပြေဘူး။ ပစ္စည်းပေးသုံး တာမျိုး ဖြစ်ဖြစ်၊ ငွေကြေးထောက်ပံ့တာ မျိုးဖြစ်ဖြစ် အဲ့ဒီလို ထောက်ပံ့တာတွေ ရှိလာရင် ကျောင်းသားတွေ အတွက် အဆင်ပြေမယ်။

Read 4679 times Last modified on Monday, 15 June 2015 10:29

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832