လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကမူ မိမိတို့တမျိုးသားလုံးက အောင်မြင်မှုမျှော်လင့်ချက်ကို မြန်မာလူငယ် ဘောလုံးအသင်းအပေါ် စုပုံတင်ထားခဲ့ကြသည်။ လူငယ် ဘောလုံးအသင်းကလည်း သမိုင်းတွင် မကြုံဖူးလောက်သည့် အောင်မြင်မှု အရှိန်အဟုန်ဖြင့် အောင်ပွဲများ တစ်ဆင့်ပြီးတစ်ဆင့် ယူလာပေးခဲ့သည်။ အထူးသဖြင့် ဗိုလ်လုပွဲအကြိုပွဲစဉ်တွင် ဗီယက်နမ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြခဲ့သည်။ ဗိုလ်လုပွဲကို ဂုဏ်သိက္ခာကြီးစွာ တက်လာနိုင်ခဲ့သည်။
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ပွဲစဉ်များတလျှောက် မြန်မာဘောလုံး ၀ါသနာရှင်များရဲ့ တုန့်ပြန်မှုများကလည်း အံ့အားသင့်ယူရလောက်အောင် ထူးခြားလေးနက်လာခဲ့သည်ကို သတိမမူဘဲ နေလို့မရလောက်အောင် ထူးခြားနေပြန်သည်။ ဥပမာ ကွင်းအတွင်း မြန်မာလူထု၏ အားပေးချီးမြှောက်မှုများက တကယ့်ကို နိုင်ငံကြီးသားစိတ်ဓာတ် ပြည့်ဝမှု၊ စည်းလုံးမှု၊ စည်းကမ်းရှိမှု၊ ယဉ်ကျေးမှု၊ ဖြူစင်တက်ကြွမှု အစရှိသော ပုံရိပ်များကို အထင်အရှား ပြခဲ့ကြသည်။
ကွင်းလယ် ကစားသမားများက နိုင်ငံ့ကိုယ်စားပြု အားကစား စွမ်းရည်ကို ပြသနိုင်ဖို့ ကြိုးစားကြခဲ့ကြသလို ကွင်းအတွင်းမြန်မာပရိသတ်၊ တစ်တိုင်းတစ်ပြည်လုံးက ပွဲကြည့်ပရိသတ်များ ကလည်း နိုင်ငံ့ကိုယ်စားပြုအပြုအမူနှင့် စိတ်ဓာတ်ကို ပြသနိုင်သလို ဖြစ်ခဲ့သည်။
ယခင့်ယခင် အချိန်များကမူ မြန်မာအားကစားသမားများ၊ မြန်မာပရိသတ်များသည် ရှုံးနိမ့်နေ သည့် ကြားမှပင် အမျိုးသားဂုဏ်သိက္ခာ ထိခိုက်စေနိုင်သည့် စည်းကမ်းမဲ့ခြင်း၊ စည်းလုံးမှုမရှိခြင်း၊ ရိုင်းပြခြင်း အစရှိသည့် အပြုအမူများဖြင့် မိမိတို့နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။ ထိုအတွေ့အကြုံ ထိုဖြစ်ရပ်၏ အရှိန်ကြောင့် ယခုနှစ် ဆီးဂိမ်းဗိုလ်လုပွဲတွင် အကယ်၍ ရှုံးနိမ့်ခဲ့ပါက ယခင် စိတ်ဓာတ်၊ ယခင်အပြုအမူများ ပြန်လည်ပေါ်လာကာ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်စရာများ ထပ်ပြီးဖြစ်လာလိမ့်ဦးမလားဟု စိုးရိမ်စိတ်ရှိခဲ့သည့်တိုင် စိတ်ပူပန်သလို ဖြစ်မလာဘဲ ယခုလို လှပငြိမ်းချမ်း စည်းလုံးညီညွတ်စွာ နိဂုံးချုပ်ပြနိုင်သည့်အတွက် မည်သူမဆို ကျေနပ်ဂုဏ်ယူလို့ မဆုံးနိုင်ခဲ့ပါဟု အခိုင်အမာ ပြောနိုင်ပါသည်။
မိမိတို့သည် ဆီးဂိမ်းဘောလုံးပွဲစဉ်တလျှောက်လုံး မိမိတို့ဘောလုံးအသင်းကို အားပေးခဲ့ကြသည်။ ထိုအချိန်ကလေးအတွင်း မိမိတို့ရင်ထဲတွင် မည်သည့်ခွဲခြား ကွဲပြားမှုမျှ မရှိခဲ့ကြ။ ဘာသာမတူသော်ငြား၊ အသားအရောင်ကွဲသော်ငြား၊ ချမ်းသာဆင်းရဲ ကွာသော်ငြား၊ အာဏာရှိ အာဏာမဲ့သော်ငြား၊ အသင်းအဖွဲ့မတူသော်ငြား ယင်းမတူကွဲပြားခြားနားမှုများကို ဘေးချိတ်ထား လိုက်ကြပါသည်။ မိမိတို့တစ်မျိုးသားလုံး နိုင်ငံချစ်စိတ် နိုင်ငံကို ကိုယ်စားပြုသည့်စိတ်နှင့် မည်သည့် အရောင်မျှ လွှမ်းမိုးခံရခြင်းမရှိ စည်းလုံးညီညွတ်ပြခဲ့ကြသည်။
သမိုင်းအချိုးအကွေ့များ၊ သမိုင်း၏ စိန်ခေါ်မှုများ၊ သမိုင်းအကျဉ်းအကျပ်ကာလများကို ဖြတ်ကျော် သည့်အခါ ယခုလို ဆီးဂိမ်းဘောလုံးပြိုင်ပွဲအပေါ် ထားရှိသည့်စိတ်ဓာတ်ကိုသာ ကိုင်စွဲဖြတ်ကျော်နိုင် ပါက မိမိတို့တိုင်းပြည် မိမိတို့လူမျိုး မအောင်မြင်နိုင်စရာ ဘာမျှ မရှိဟူ၍ မြင်မိပါသည်။
တနည်းအားဖြင့်ဆိုလျှင် အစွန်းရောက်သော မျိုးချစ်စိတ်ဓာတ်၊ ဖျားနာလျက်ရှိသည့် မျိုးချစ်စိတ်ဓာတ်၊ ပြည့်ဝမှုမရှိသည့် မျိုးချစ်စိတ်ဓာတ်နှင့် ဖြူစင်မှုကင်းမဲ့သော၊ ရန်လိုသော၊ မုန်းတီးစိတ်ကို အခြေခံ သော၊ သမာသမတ်ကျမှုမရှိသော မျိုးချစ်စိတ်ဓာတ်တို့ကို မိမိတို့ ကိုင်စွဲခြင်းဖြင့် စစ်မှန်ပြီး ရေရှည်ခံ သည့် အမျိုးသားညီညွတ်ရေး မရနိုင်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပင် သိသင့်ပါသည်။ ညီညွတ်ခြင်းအတွင်းမှ မတူကွဲပြား၊ မတူကွဲပြားမှုအတွင်းမှ ညီညွတ်ခြင်းဆိုသည့် သဘောတရားကို ရှင်းလင်းစွာ သိရှိကျင့်သုံးနိုင်ရပါမည်။
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ကာလတိုအတွင်း မိမိတို့ပြည်သူများသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြင်းပြ မြင့်မားသော အမျိုးသားရေးစိတ်ဓာတ်ကို တစ်စုံတရာ ပြသကိုင်စွဲနိုင်ခဲ့သည်ဟုလည်း ယူဆမိပါသည်။ ထိုစိတ်ဓာတ် ထိုအခွင့်အရေးကို နောင်ကိုလည်း ဆက်လက်ကိုင်စွဲထားဖို့ လွန်စွာ အရေးကြီးကြောင်း တင်ပြလိုက်ပါသည်။