House Art

eng btn

အထူးသတင်းများ:
 
 
Sunday, 24 May 2015 12:29

ဖွံ့ဖြိုးတိုးတက်မှုက ချနင်းလိုက်သည့် သားကောင်များ

Written by 

သတင်းဂျာနယ် တစ်ခုတွင် မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက စေတုတ္တရာမြို့ကလေးရဲ့ သဘာဝ အလှအပများကို ဓာတ်ပုံများဖြင့်
ဝေဆာအောင် တင်ပြခဲ့သည်ကို တွေ့လိုက်ရပါသည်။ ထိုဓာတ်ပုံများထဲ၌ အမှတ်မထင်ဆိုသလို ဒေသခံ ချင်းလူမျိုးများ လမ်းဘေးတွင်
ဖြစ်သလို တဲထိုးနေထိုင်နေကြသည့် ပုံကိုလည်း တွေ့လိုက်ရသည်။

လှပစိမ်းစိုသော မြင်ကွင်းများကြားက ပူလောင်သော ဘဝတချို့ မြင်ကွင်းများကို တွေ့လိုက်ရသလိုပင် ဖြစ်သည်။ စေတုတ္တရာ
မြို့ကလေးသည် လူဦးရေ ရှစ်သောင်းမျှပင် ရှိသည်။ အိမ်ခြေ လေးသောင်းဝန်းကျင် ရှိသည်။ ယခင်က သည်လောက်ပင် လူဦးရေမများ။ ယခုတော့ အဓမ္မဖယ်ရှားခံလိုက်ရသည့် ကျေးရွာ သုံးဆယ်ကျော်က လူများ မြို့ကလေးဝန်းကျင် ရွှေ့လာကြသဖြင့် လူဦးရေ ပိုမိုလာခြင်း ဖြစ်သည်။

မုန်းချောင်းသည် ရခိုင်ရိုးမ နတ်မတောင်မှ မြစ်ဖျားခံသည်။ စေတုတ္တရာ တောင်ပေါ်မြို့ကလေးဘေးမှ ဖြတ်သန်းစီးဆင်းသည်။
ပွင့်ဖြူမြို့အနီးမှ ဖြတ်ကာ ဧရာဝတီမြစ်အတွင်း ပေါင်းဆုံသည်။ ထိုမုန်းချောင်းကို စေတုတ္တရာမြို့အနီးတွင် ဆည်ခံကာ
ရေလှောင်ထားရှိပြီး နွေရာသီ ရေရှားသည့်အချိန် ရေလွှတ်ပေးသည်။

ဆည်ရေသောက် စိုက်ခင်းများအတွက် ဖြစ်သည်။ ယင်းဆည်ကြီး မဆောက်လုပ်ခင်က ဌာနေချင်းရွာများအပါအ၀င် မြန်မာရွာသုံးဆယ်ခန့် သည်နေရာတ၀ိုက်တွင် ပျံ့ကျဲနေထိုင်ကြသည်။

သည်ကျဉ်းမြောင်းလှသည့် တောင်ကြားလွင်ပြင်ကလေးထဲတွင် လယ်ယာ၊ တောင်ယာများဖြစ်ထွန်း အသက်မွေးဝမ်းကျောင်းခဲ့ကြသည်။ ဆည်ကြီးဆောက်လုပ်မည်ရှိသောအခါ ကျေးရွာများပြောင်းရွှေ့ဖို့ ဖြစ်လာသည်။ တစ်အိမ်လျှင် ငွေငါးထောင်စီသာ ပေးသည်။

လုပ်ကွက်နှင့် လယ်ကွက်များအတွက် တစ်ပြားတစ်ချပ်မျှမပေး။ ဒေသခံများက ရဟန်းတော်များ ခေါင်းဆောင်ကာ အမျိုးမျိုးတောင်းပန် တားမြစ်ကြသည်။ မည်သို့မျှ တားမြစ်တောင်းပန်လို့မရ။ နောက်ဆုံးတွင် သေနတ်ဖောက် ခြိမ်းခြောက်ကာ ရွာတချို့ကို ဘူဒိုဇာနှင့်ထိုးကာ ဖျက်သည်။ ကျောင်းထိုင်ဆရာတော်တချို့ အင်ဂျင်နီယာများကို ခြေသလုံးဖက်ထိုင်ကန်တော့ကာ တောင်းပန်သည်။ နောက်ဆုံးတော့ ကျေးရွာအားလုံး ဖယ်ပေးလိုက်ကြသည်။

ရွာသုံးရွာနှင့် ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီမှာ ရေအောက်ရောက်သွားကြရသည်။ ကျေးရွာအားလုံး တစ်စစီထုခွဲလိုက်သလို တောတောင်အနှံ့ ခိုကပ်ပြီးနေကြရတော့သည်။ အလုပ်အကိုင်များ ရှားပါးသွားရသည်။ နောက်ဆုံးတွင် အများစုမှာ တံငါသည်များဘ၀သို့ ကူးပြောင်းသွားကြရသည်။

ဒီအဖြစ်အပျက်ကြီးမှာ တိုင်းပြည်တိုးတက်လာခြင်းနှင့် ကာမိပါ၏လော။ ပေးဆပ်ရင်းနီးလိုက်ရသည်က မျက်ရည်နှင့် ဘ၀များဖြစ်သည်။
ယခုအထိ နှစ်ပေါင်း ဆယ်နှစ်နီးပါးရှိသည့်တိုင် ဒေသခံများအဖို့ ဖြေလို့မပြေနိုင်ကြ။

ယခုအထိလည်း လုပ်ကိုင်စားသောက်နေထိုင်မှုများ အဆင်မပြေကြ။ မတည်ငြိမ်နိုင်ကြ။ သူတို့အပေါ် မတရားအလုပ် ခံရလေခြင်းဟူသော စိတ်နှင့်တအုံနွေးနွေး ခံစားနေကြရဆ ဖြစ်သည်။

ယေဘုယျခြုံငုံပြီးပြောရလျှင် သည်ဒေသနေပြည်သူများမှာ ဘ၀ပုံစံများ ပြောင်းလဲသွားကြရပြီး ယခင်ကထက် ပိုမိုဆင်းရဲတွင်း နက်သထက် နက်လာကြရသည်ဟုပင် ပြောနိုင်ပါသည်။ တည်ဆောက်ရေး စီမံကိန်းကြီးများသည် တိုင်းပြည်အတွက် လိုအပ်ပါသည်။ သို့သော် ဒေသခံများ၏ ဘဝနှင့် ဆန္ဒများကို လစ်လျူရှုလို့မရ။ လစ်လျူရှုရန်လည်း မသင့်သည့်အပြင် သူတို့ဘဝများကိုပါ စနစ်တကျ တွက်ချက်စဉ်းစားပြီးမှသာ လုပ်သင့်သည်။ ယခုလို အတင်းအဓမ္မ ဆောင်ရွက်ခြင်းသည် ကြီးမားသော အမှားအယွင်းပင် ဖြစ်သည်။

နောင်အခါ စီမံကိန်းကြီးများ သည့်ထက် ပိုမိုပေါ်ပေါက်လာစရာ ရှိနေသည်။ သို့သော် ဒေသခံပြည်သူများ၏ ဘ၀ကို ချနင်းပြီး ဒေသခံပြည်သူတို့၏ ဘ၀ကို ဖျက်ဆီးပစ်လိုက်သည့် နည်းဖြင့်တော့ မည်သည့် စီမံကိန်းများကိုမျှ အကောင်အထည်မဖော်သင့်ဟု တင်ပြလိုက်ရပေသည်။

Read 698 times Last modified on Sunday, 24 May 2015 12:43

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 198 guests and no members online