House Art

eng btn

အထူးသတင်းများ:
 
 
Wednesday, 20 May 2015 11:50

ရှေးဟောင်း အမွေအနှစ်များ စနစ်တကျ ထိန်းသိမ်းရေး

Written by 

မနေ့တနေ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာထက်တွင် စလင်းမြို့ရှိ လက်ကျန် ရုပ်စုံကျောင်းကြီး စနစ်တကျ ထိန်းသိမ်းထားခြင်းမရှိဘဲ တစ်စတစ်စ ပြိုကျပျက်စီးလာနေခြင်းအတွက် စိတ်ပူပန်မိကြောင်း ဓာတ်ပုံနှင့်တကွ ရေးတင်လိုက်သည်ကို ဖတ်ရတွေ့ရသည်။

စလင်းမြို့ကလေးသည် ထူးခြားသည်။ မြန်မာဘုရင်များလက်ထက်က ကံကျွေးချစနစ် ဖြစ်သဖြင့် နယ်ပယ်လယ်မြေ အပိုင်စားစေကာ ကျေးကျွန်များနှင့်တကွ သူကောင်းပြုခြင်းခံရသည့် သူကောင်းမျိုးရိုးများ နေထိုင်ကြခြင်း၊  လူ့ဘ၀တွင် အဆင့်အတန်းအနိမ့်ဆုံးဟု ယူဆသတ်မှတ် ခံရသည့် ဘုရားကျွန်(ယခင်က တောင်းရမ်းစားသောက်သူ ကယ်ပါများ) နေထိုင်သည့်မြို့ဖြစ်ခြင်း၊ ကြာပန်းများ တကန်လုံးနီးပါး ပေါက်ရောက်လျက် အင်မတန် သာယာသည့် ဝက်သည်းကန်ကြီး တည်ရှိခြင်း၊ မျိုးချစ်ခေါင်းဆောင်ကြီး ဦးဥတ္တမ၏ အင်္ဂလိပ်တို့အား ခုခံတော်လှန်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ခံတပ်ကြီးတည်ရှိခြင်း၊ အညာဘုရားပွဲများ အားလုံးအနက် အညာဓလေ့ အဆန်ဆုံးဟု သိပ္ပံမောင်ဝ၏ အညာဘုရားပွဲ ဆောင်းပါးတွင် ပါရှိသည့် ကုဿိနာရုံ ဘုရားပွဲ နှစ်စဉ်ကျင်းပရာ မြို့ဖြစ်ခြင်းနှင့်  ပုဂံခေတ် နရသီဟပတေ့မင်း မတိုင်ခင် ခေတ်ကတည်းက တည်ရှိခဲ့သည်ဟု ယူဆရသည့် မြို့ရိုးအုတ်တံတိုင်းကြီး တည်ရှိနေခြင်းတို့ကြောင့် စလင်းမြို့သည် ရှေးဟောင်း အမွေအနှစ်များ ပိုင်ဆိုင်ရာ မြို့တစ်မြို့အဖြစ် သတ်မှတ်ယူဆလို့ ရပါသည်။

မိမိတို့သည် ရှေးဟောင်း အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားရှိကြရပါမည်။ ထိန်းသိမ်းသည်ဆိုရာ၌ နဂို ရှိရင်း အနေအထားကို မပျက်စီးရလေအောင် ထိန်းသိမ်း စောင့်ရှောက် ရန်သာ တာဝန်ရှိပြီး အသစ်ထပ်မံမွမ်းမံခြင်း၊ အဆောက်အအုံပစ္စည်းများ ခိုင်ခံ့အောင်ဟုဆိုကာ အသစ်လဲလှယ်တပ်ဆင်ခြင်းများ လုံးဝမပြုလုပ်သင့်ပေ။

ဆိုလိုသည်မှာ နဂိုရှိရင်းစွဲအနေအထားသည်သာ သက်တမ်းအမှန်ကို ခန့်မှန်းတွက်ချက်ရန် မှန်ကန်ခြင်းနှင့် သမိုင်းတန်ဖိုးအရ ယဉ်ကျေးမှု တန်ဖိုးအရ မြင့်မားစွာ တည်ရှိနေစေရန် ဖြစ်လေသည်။

သို့သော် စလင်းမြို့တွင်ရှိသည့် ရှေးဟောင်းအမွေအနှစ်များမှာ ဘေးအန္တရာယ် အချိန်မရွေး သင့်နိုင်သည့် အနေအထားသို့ ရောက်နေသည်ဟု ပြောရပါမည်။ ဥပမာ ယခင်က ဘုရားနိပါတ် တော်လာများကို ကျောင်းမကြီးပတ်လည်တစ်လျှောက် ပန်းပုရုပ်များ ထုလုပ်ထားရှိသည့် ရုပ်စုံကျောင်းကြီးများ သုံးကျောင်းရှိခဲ့ရာက ယခုအခါ နှစ်ကျောင်းမှာ မသိနားမလည် တန်ဖိုးမထားသူများ၏ လက်ချက်ကြောင့် မီးလောင်ပြာကျသွားခဲ့ကြရပြီဖြစ်သည်။

ယခုအထိလည်း လက်ကျန်ရုပ်စုံကျောင်းကြီးကို သည်လို ဘေးဥပါဒ်အန္တရာယ်များကြားမှ လုံခြုံအောင် ကာကွယ်သည့်အစီအမံများမရှိဘဲ သည်အတိုင်း ပစ်ထားသလို ဖြစ်နေသည်ကို တွေ့ရသည်။

စလင်းမြို့၏ အထင်ကရ မြို့ရိုးကြီးဆိုလျှင် အောက်ခံအုတ်များ ပေါ်နေသည်ကို ကြည့်၍ မလှဟု ထင်သည်လားမသိ အပေါ်မှ အင်္ဂတေများ အချောကိုင်မွမ်းမံပစ်လိုက်ကြခြင်း၊ သဘာဝ အတိုင်း ပြိုကျသည့် နေရာများကို တိတိပပ ဖြိုချကာ အုတ်တံတိုင်းအသစ် ဖြည့်ခြင်းအပြင် ဘုရားတံတိုင်းသဖွယ် သဘောထား ဆက်လက်တီထွင် ထားရှိလိုက်သဖြင့် မြို့ရိုးကြီးမှာ မြို့ရိုးဟူ၍ပင် ပီပီသသ မဖြစ်တော့ဘဲ ဘုရားတံတိုင်းကြီးအဖြစ်သာ ဖြစ်နေသည်ကို တွေ့ကြရ၏။

အမှန်အားဖြင့်ဆိုလျှင် စလင်းမြို့ မြို့ရိုးတံတိုင်းကြီးမှာ ပုဂံခေတ်ဦးကတည်းက ရှိခဲ့သည်ဟု ယူဆရသဖြင့် နှစ်ပေါင်း ကိုးရာဝန်းကျင် ရှိခဲ့ပြီဖြစ်သည့် တန်ဖိုးမြင့်မားလှသည့် သမိုင်းအမွေအနှစ် တစ်ပါးပင် ဖြစ်သည်။

မိမိတို့ စနစ်တကျ သုတေသနပြု၊ စနစ်တကျထိန်းသိမ်းခြင်းဖြင့် မိမိတို့လူမျိုး၏ ဇာတိပုည ဂုဏ်မာနကို ထင်ဟပ်သည့် သမိုင်းအမွေတစ်ခုပင် ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားဖွယ် အဆောက်အအုံကြီး ဖြစ်သဖြင့် စလင်းမြို့ ကလေးသည် ယင်း ရုပ်စုံကျောင်းကြီးများ၊ မြို့ရိုးတံတိုင်းနှင့် ခံတပ်ဟောင်းကြောင့် လူစည်ကားသည့် ခရီးသွားအချက်အချာဖြစ်ကာ စလင်းမြို့ကလေးသည်လည်း နေ့ချင်းညချင်း ကြီးပွားချမ်းသာ လာစေနိုင်သည်မှာလည်း မလွဲပေ။

ယခုအခါ စလင်းမြို့ သမိုင်းအမွေအနှစ်များမှာ ပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း အချိန်မီ ထိန်းသိမ်းကြရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

Read 737 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 131 guests and no members online