House Art

eng btn

အထူးသတင်းများ:
 
 
Sunday, 01 March 2015 09:21

ပုဇွန်တောင်မှ ပေးစာ

Written by  စိုးမြင့်
ချစ်ခင်လေးစားရပါသော မိတ်ဆွေများနဲ့ စာဖတ်သူများ ခင်ဗျား။

ဒီစာကို ကျွန်တော်ရန်ကုန်မြို့ ပုဇွန်တောင်လမ်းမှာ ရှိတဲ့ မဇ္ဈိမရုံးချုပ်သစ်ကနေ ရေးလိုက်တာပါ။ မဇ္ဈိမ သတင်းဌာနဟာ ပုဇွန်တောင် ရုံးခန်း နေရာသစ်ကို ပြောင်းရွှေ့ခါစဖြစ်ပြီး၊ ပြောင်းလဲ သစ်လွင်နေတဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာ ခေတ်သစ်အတွက် ရှေ့ဆောင်လမ်းပြ အနေနဲ့ မဇ္ဈိမရဲ့ မြန်မာဘာသာ နေ့စဉ် သတင်းစာကို ပုံနှိပ်သတင်းစာ အသွင်ကနေ ဒစ်ဂျစ်တယ်၊ အွန်လိုင်း၊ ရုပ်သံ၊ ပုံနှိပ်ပေါင်းစပ်ထားတဲ့ မာလ်တီမီဒီယာကို မတ်လ ၁ ရက်ကနေ စတင်ပြောင်းလဲတော့မှာမို့ အခုကာလဟာ မဇ္ဈိမအတွက် စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။

Cartoon

ခေတ်သစ်နဲ့ အညီ မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍကြီး တစ်ခုလုံး တဖြည်းဖြည်းချင်း ဆင့်ကဲ ပြောင်းလဲနေကြသလို မဇ္ဈိမဟာလည်း အခြေအနေတွေနဲ့ လျော်ညီစွာ ဆက်ပြီးတော့ တိုးတက်ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာ ပြုပြင်ပြောင်းလဲရေး စပြီးလုပ်ဆောင်တာ ငါးနှစ်ပဲရှိသေးပေမဲ့၊ လွတ်လပ်ပြီး ဒီမိုကရေစီနဲ့ ပြည့်ဝမယ့် မြန်မာနိုင်ငံကို ဖော်ဆောင်တဲ့နေရာမှာ လွတ်လပ်တဲ့ မီဒီယာတွေအနေနဲ့ သင့်လျော်တဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ရေးအတွက် မီဒီယာတွေဟာ ဆက်လက်ရုန်းကန် ကြိုးပမ်းနေကြပါတယ်။

မဇ္ဈိမ အဖွဲ့သားတွေဟာ ရုံးခန်းသစ် အပြောင်းအရွှေ့ ကာလမှာ နေရာသစ်နဲ့ ပိုမိုအံဝင်အသားကျအောင် ကြိုးပမ်းရင်း အလုပ်များနေကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကဏ္ဍနဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာ တချို့ကို အချိန်နည်းနည်းယူပြီး ကျွန်တော် ပြောပြချင်ပါတယ်။

မြန်မာ့မီဒီယာ ကဏ္ဍနဲ့ ပတ်သတ်ပြီး လက်ရှိကာလမှာ ကျွန်တော်တို့ရဲ့ အဓိက စိုးရိမ်မှု တစ်ခုကတော့ မီဒီယာဈေးကွက် သိပ်ပြီးမတည်ငြိမ်သေးဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပုံနှိပ် နေ့စဉ်သတင်းစာတွေဟာ ငွေကြေးပမာဏများပြားလှတဲ့ ရေရှည်ဘဏ္ဍာရေး ကျောထောက်နောက်ခံတွေကိုပဲ အားပြုပြီး ကြံ့ကြံ့ခံရပ်တည် နေကြရပါတယ်။ နေ့စဉ် သတင်းစာ ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင်တွေချပေးပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်တဲ့ သတင်းစာ ၅ဝ ရာခိုင်နှုန်းလောက် ရပ်နားလိုက်ရတယ်ဆိုတဲ့ အချက်က ဒါကို သက်သေပြနေပါတယ်။ အခြေအနေတွေအရ လာမယ့် တစ်နှစ် နှစ်နှစ်အတွင်းမှာ နောက်ထပ်ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ထပ်ပြီး ရပ်နားရမယ့် အဖြစ်ကိုလည်း တွေ့မြင်ရဖို့ များပါတယ်။

ရိုးရိုးလေး ပြောဆိုတင်ပြရမယ်ဆိုရင် ပုံနှိပ် နေ့စဉ် သတင်းစာလောကထဲကို ငွေကြေးတွေ ပုံအောပြီး စီးပွားရေး အကျိုးစီးပွားတွေကို အခြေခံတဲ့၊ ငွေအင်အားတောင့်တင်းပြီး သြဇာအာဏာကြီးတဲ့ သူတွေ ပါဝင်ယှဉ်ပြိုင်နေကြတာကို ကျွန်တော်တို့ လက်ရှိ တွေ့ကြုံနေရတာပဲ ဖြစ်ပါတယ်။

အဲဒီအချက်ဟာ လမ်းနည်းနည်းချော်နေတဲ့ မီဒီယာကဏ္ဍရဲ့ လက်တွေ့အရှိတရား တစ်ခုဖြစ်ပြီး၊ အဲဒီလို ဘေးကျပ်နပ်အနေအထားထဲမှာ မဇ္ဈိမဟာ လွတ်လပ်ပြီး ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ မီဒီယာတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ စံနှုန်းတွေကို လိုက်နာရင်း ကြိုးပမ်းရုန်းကန်နေခဲ့ပါတယ်။

နောက်ပြီးတော့ လက်ရှိကာလမှာ မြန်မာနိုင်ငံရဲ့ မီဒီယာလုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ဆိုတာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေကို ပေးထားတဲ့ လွတ်လပ်ခွင့် အနည်းအကျဉ်းလောက်ပဲ ရှိပါသေးတယ်။ကျွန်တော်တို့ နိုင်ငံဟာ ရုပ်သံမီဒီယာကဏ္ဍကို လမ်းဖွင့်ပေးဖို့ အရမ်းကို လိုအပ်နေပါတယ်။ နိုင်ငံတိုင်းဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ခွင့်ပြုဖော်ဆောင်တဲ့ နေရာမှာ ဘယ်လိုမီဒီယာ ပုံစံကို မဆိုခွင့်ပြုဖို့ အရေးကြီးလှပါတယ်။

တကယ်တော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမယ့် ရုပ်သံလွှင့်မီဒီယာ ဥပဒေကြမ်းဟာ အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီးသားပါ။တကယ်လို့ အဲဒီ ဥပဒေကြမ်းကို ဒီနှစ်ထဲမှာ လွှတ်တော်က အပြီးသတ်အတည်ပြုနိုင်မယ် ဆိုရင်တောင်မှ အချိန်ထပ်ကြာဦးမှာဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ နည်းဥပဒေ အမျိုးမျိုးကို ပြဋ္ဌာန်းတဲ့ လုပ်ငန်းစဉ်တွေ ပြီးမှသာ ရုပ်သံလွှင့် မီဒီယာ ဥပဒေကို အကောင်အထည် ဖော်နိုင်မှာပါ။

ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် လာမယ့်နှစ် အစိုးရအဖွဲ့ သစ်ဖွဲ့ပြီးတဲ့ အချိန်အထိ ရုပ်သံလွှင့်ကဏ္ဍလမ်းပွင့်လာလိမ့်မယ်လို့ မျှော်လင့်လို့ မရနိုင်ပါဘူး။ဒါကြောင့်၂ဝ၁၅ ရွေးကောက်ပွဲအကြိုကာလရဲ့ လေလှိုင်း မီဒီယာကဏ္ဍမှာ နိုင်ငံပိုင် မီဒီယာတွေကပဲ လွှမ်းမိုးထားပါလိမ့်မယ်။

ပြီးတော့ ၂ဝ၁၆ ခုနှစ်မှာ ရုပ်သံလွှင့် မီဒီယာ ဥပဒေသစ် အသက်ဝင်လာတာကို ကျွန်တော်တို့ မြင်ရပြီဆိုရင်တောင်မှ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လို ရုပ်သံလွှင့်ကဏ္ဍ အခင်းအကျင်းမျိုးကို မျှော်လင့်နိုင်လိမ့်မယ်လို့ မိတ်ဆွေတို့ ထင်ပါသလဲ။ ဒီရုပ်သံလွှင့် ဥပဒေရဲ့ ရည်ရွယ်ချက်ဟာ မီဒီယာကဏ္ဍမှာ pluralism (အယူအဆမျိုးစုံ ယှဉ်တွဲတည်ရှိနေခြင်း) နဲ့ diversity (စုံလင်ထွေပြားခြင်း) တွေကို မြှင့်တင်ဖို့ရည်ရွယ်တယ်ဆိုပေမယ့်အဲဒီဥပဒေဟာလက်ရှိရုပ်သံလွှင့်မီဒီယာ အခင်းအကျင်းကို ထိထိရောက်ရောက် ပြောင်းလဲပစ်နိုင်စွမ်းရှိမရှိကျွန်တော်လေးလေးနက်နက်သံသယဝင်နေတုန်းပါပဲ။

ဥပမာပေးရမယ်ဆိုရင် ရုပ်သံလွှင့်ကောင်စီဟာ သူတို့ရဲ့တာဝန်ဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့် ဖော်ဆောင်ရေးကို ဆက်ပြီး လုပ်ဆောင်ပါ့မလားဆိုတာကို မေးခွန်းထုတ်စရာ ရှိပါတယ်။ အဲဒီ ဥပဒေကြမ်းရဲ့ စကားလုံးတွေဟာ အစိုးရက လွတ်လပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေကို ဆက်ပြီးကန့်သတ် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေ (ဥပမာ ''cross platform ownership'' လို စကားစုမျိုးတွေ သုံးပြီး ကန့်သတ်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေ) ကို ဖော်ဆောင်ပေးဦးမှာလား။အဲဒါဟာကျွန်တော်စိတ်ဝင်တစားမေးချင်တဲ့ မေးခွန်းတွေပါပဲ။

ပြီးတော့ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ရှိ ရုပ်သံလွှင့်ဌာနတွေဟာ အချိန်ကာလအရပဲဖြစ်ဖြစ် အရင်းအမြစ်ဆိုင်ရာ အရပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိ အသာစီးရနေဖို့ ရှိပါတယ်။ အဲဒါဆိုရင် မြန်မာနိုင်ငံရဲ့ ရုပ်သံလွှင့် မီဒီယာက သစ်ဟာ ပုံနှိပ်မီဒီယာတွေမှာ ဖြစ်ခဲ့တဲ့ အတိုင်းအလားတူ တွေ့ကြုံရင်ဆိုင်ရဖို့ များပြီးတော့၊တစ်ဘက်ဘက်က အသာစီးရနေမှုတွေ၊ မမျှတမှုတွေ တွေ့ကြုံရနိုင်ပါတယ်။

ပုံနှိပ်နဲ့ ရုပ်သံလွှင့် မီဒီယာကဏ္ဍအဆင့်ဆင့် ပြောင်းလဲဖို့ ကြိုးပမ်းနေကြတဲ့ ဖြစ်စဉ်မှာ တကယ်ကို လွတ်လပ်မှု အပြည့်အဝရှိတဲ့ မီဒီယာအခင်းအကျင်းသစ် ဖော်ဆောင်ရေးအပေါ် အစိုးရက အယုံအကြည်ကင်းမဲ့နေကြောင်း သိသိသာသာ ပေါ်လွင်နေပါတယ်။ လက်ရှိ မီဒီယာ ဈေးကွက်ပြိုင်ဆိုင်မှုမှာ အစိုးရဟာ နိုင်ငံပိုင် မီဒီယာလုပ်ငန်းတွေကို အသုံးချပြီး မီဒီယာကဏ္ဍကို လွှမ်းမိုးထားနိုင်ဖို့ ကြိုးပမ်းနေတာကအထင်ရှားဆုံးသာဓကတစ်ခုပါ။

မြန်မာ့မီဒီယာ အခင်းအကျင်းနဲ့ ပတ်သက်ပြီးထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ဖော်ဆောင်နိုင်ဖို့ဆိုရင် အစိုးရတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ အခြေခံတာဝန် ဝတ္တရားတွေကို နားလည်ဖို့ လိုအပ်ပါတယ် အယူအဆ အမျိုးမျိုးစုံလင် ထွေပြားစွာ ယှဉ်တွဲတည်ရှိတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှာ နိုင်ငံသားအားလုံးကို လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့် ပေးရပါမယ်။

လက်ရှိ အချိန်အထိတော့ ဒါတွေ ဖြစ်မလာသေးပါဘူး။ သတင်း မီဒီယာကဏ္ဍနဲ့ ပတ်သက်ပြီး လက်ရှိချဉ်းကပ်မှုဟာ အစိုးရရဲ့ ''တစ်ဆင့်ပြီးမှ တစ်ဆင့်'' မီဒီယာ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ရေး မူဝါဒနဲ့တော့ ကိုက်ညီနေပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ အစိုးရဟာ မီဒီယာကဏ္ဍမှာ ထိန်းချုပ်ကန့်သတ်မှုတွေ ဆက်လက်လုပ်ဆောင်ချင်နေတာ တွေ့ရပြီးတော့ သူတို့ရွေးချယ်ထားတဲ့ အချိန်ကာလမျိုးအတွင်းမှာ သာပုဂ္ဂလိက မီဒီယာတွေကို လွတ်လပ်ခွင့် နည်းနည်းပိုပေးချင်ကြပါတယ်။

မီဒီယာဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ အဖိုးတန်လှတဲ့ အချိန်တွေ အများကြီး ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ နောက်ထပ် နှောင့်နှေးကြန့်ကြာမှုတွေ မဖြစ်အောင် ကြိုးပမ်းသင့်သလို၊ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး အလားအလာကောင်းတွေ အညွန့်ကျိုးမသွားစေရေးကို သတိပြုသင့်ပါတယ်။

ကျွန်တော်တို့ သတင်းသမားတွေ အနေနဲ့လည်း တာဝန်ကျေစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော် အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ဟာ စာနယ်ဇင်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပြီးတော့ နိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အတိမ်းအစောင်းမခံတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ အသံတွေကို ပြန်လည်ချိန်ညှိပြီး ကျင့်ဝတ်တွေနဲ့အညီ သတင်းတင်ဆက်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ မဇ္ဈိမ အဖွဲ့သားတွေဟာ ကျွန်တော်တို့ရဲ့တာဝန်ဝတ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ နေ့စဉ်နေ့တိုင်း ကြိုးပမ်းနေကြတယ် ဆိုတဲ့အကြောင်း ကျွန်တော် လေးလေးနက်နက် ပြောချင်ပါတယ်။ဒီနှစ်မတ်လထဲမှာ ပြုလုပ်မယ့် နိုင်ငံတကာ သတင်းအဖွဲ့အစည်း ကမ္ဘာ့ညီလာခံ၂ဝ၁၅ (International Press Institute World Congress) ကို ဒေသတွင်း မိတ်ဖက်အဖြစ် ကျွန်တော်တို့ လက်ခံကျင်းပ သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း စာဖတ်သူတို့ကို သတင်းကောင်း ပါးလိုပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သတ်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကိုသာမက လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး လုပ်ငန်းစဉ်မှာ မီဒီယာတွေအနေနဲ့ ဘယ်လိုပါဝင်ကြိုးပမ်းနိုင်ကြောင်း စတဲ့ အကြောင်းအရာတွေကို ကမ္ဘာအရပ်ရပ်က သတင်းသမားတွေ အနေနဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် ညီလာခံ တစ်ခုလည်း ဖြစ်ပါတယ်။

အခုလို လူတိုင်း အလုပ်များနေကြတဲ့ အချိန်မျိုးမှာ ကျွန်တော် အကျဉ်းချုပ် ရှင်းလင်းရေးသား ဖော်ပြတာကို ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ နိုင်ငံက ပုဂ္ဂလိက မီဒီယာတွေရဲ့ လက်ရှိအနေအထားနဲ့ ပတ်သတ်ပြီး ပကတိအရှိတရားကို စာဖတ်သူ နားလည်သဘောပေါက်လောက်ပြီလို့ လည်းကျွန် တော်ယုံကြည် မျှော်လင့်အပ်ပါတယ်။

လေးစားစွာဖြင့်
စိုးမြင့်
Read 1078 times Last modified on Sunday, 01 March 2015 11:18

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 139 guests and no members online