House Art

eng btn

အထူးသတင်းများ:
 
 
Saturday, 28 February 2015 06:12

ဒစ်ဂျစ်တယ်မှာ ပြန်ဆုံမယ်

Written by 

၂၀၁၃ မေလမှ စတင်ထွက်ရှိခဲ့သည့် မဇ္ဈိမသတင်းစာသည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် တည်တည်တံ့တံ သတင်းစာတစ်စောင်အဖြစ် ရပ်တည်ခဲ့သည်မှာ နှစ်နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့သည်။ နှစ်နှစ်တာ ကာလအတွင်းတွင် ယနေ့ထုတ် သတင်းစာသည် မဇ္ဈိမသတင်းစာ၏ နောက်ဆုံးထုတ် ပုံနှိပ်သတင်းစာ ဖြစ်သည်။ မဇ္ဈိမသည် ပြီးသွားပြီလားဟု အမေးရှိသော် မပြီးသေးပါ၊ မဇ္ဈိမဒစ်ဂျစ်တယ်သတင်းစာသည် ရှင်သန်ကျန်ရစ်ခဲ့သည်။ ဒစ်ဂျစ်ခေတ် ဒစ်ဂျစ်တယ်လူသားများနှင့် လိုက်လျောညီထွေစွာ မဇ္ဈိမသည် ဒီဂျစ်တယ်သတင်းစာကို တင်ဆက်ခဲ့ပြီးဖြစ်သည်။ လာမည့်ရက်ပိုင်း၊ လပိုင်းများတွင် ပိုမိုကောင်းမွန်၍ ဆွဲဆောင်မှုရှိသော တင်ဆက်မှုများဖြင့် ဒစ်ဂျစ်တယ်သတင်းစာကို ဆက်လက်တင်ဆက်မည် ဖြစ်သည်။ ယခုသတင်းစာ ဖတ်သူကို ဒစ်ဂျစ်တယ်တွင် ပြန်ဆုံကြပါစို့ဟု မဇ္ဈိမက ဖိတ်ခေါ်ပါသည်။

ပုံနှိပ်သတင်းစာတစ်စောင် ရပ်တည်ရှင်သန်ရန် ယနေ့ခေတ်တွင် မလွယ်ကူပါ။ လူအရင်းအမြစ်၊ ငွေအရင်းအနှီး၊ ဈေးကွက်၊ သတင်းအရည်အသွေး၊ တင်ဆက်ပုံဆန်းသစ်မှု၊ ပုံနှိပ်အရည်အသွေး၊ ဖြန့်ချိရေး၊ ကြော်ငြာ၊ စီမံခန့်ခွဲမှု စသည်ဖြင့် ဘက်စုံကောင်းမွန်ပြီး အချိတ်အဆက်မိဖို့ အလွန်အရေးကြီးသည်။ မဇ္ဈိမ၏ ဆောင်ပုဒ်ဖြစ်သည့် ``လွတ်လပ်မှု၊ မျှတမှု၊ တာဝန်သိမှု`` တို့ကို မဇ္ဈိမသည် အကောင်းဆုံး ထမ်းဆောင်ခဲ့သည်။ ထိုတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်လည်းဖြစ်သည်။ ပုံနှိပ်တွင်တော့ မဟုတ်၊ ဒစ်ဂျစ်တယ်ပေါ်တွင်ဖြစ်သည်။

ဒစ်ဂျစ်တယ်ဆိုသည်မှာ ဘာလဲ။ ယနေ့ခေတ် လူအများ သုံးစွဲနေသော ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်သည့် အဆင့်မြင့် မိုဘိုင်းလ်တယ်လီဖုန်းများ၊ တက်ဘလက်များ၊ အိုင်ပက်များနှင့် ဒစ်ဂျစ်တယ်လူသားများသည် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်စပ်လုပ်ကိုင်ရင်း ဒစ်ဂျစ်တယ်လှိုင်းပေါ် ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်လူသားများကို ဒီဂျစ်တယ်လူသားများဟုပင် ခေါ်ထိုက်သည်။ ယင်းပစ္စည်းများနှင့် အလုပ်တွင်၊ ရုံးတွင်၊ အိမ်တွင် အချိန်ကုန်နေကြသည်။ ခေတ်ကလည်း သတင်းအချက်အလက်များကို မြန်မြန်နှင့်များများ သိရန်လိုသော ခေတ်ဖြစ်သဖြင့်လည်း သုံးစွဲနေကြရသည်။ ဒစ်ဂျစ်တယ်လူသားမဟုတ်လျှင် ယနေ့ခေတ်တွင် ပြီးပြည့်စုံသော လူသားမဟုတ်ဟုပင် ဆိုရပါမည်။

မဇ္ဈိမက ဒစ်ဂျစ်တယ် သတင်းစာကို ထုတ်လုပ်တင်ဆက်ထားပြီးဖြစ်သည်။ နီးစပ်ရာ မိုဘိုင်းလ် တယ်လီဖုန်းဆိုင်များတွင် မဇ္ဈိမ ဒစ်ဂျစ်တယ် သတင်းစာ၏ အပလီကေးရှင်းကို ထည့်သွင်းနိုင်သည်။ နေ့စဉ်ထုတ်သတင်းစာကို မိုဘိုင်းလ် တယ်လီဖုန်းပေါ်တွင် ဖတ်ရှုနိုင်ရန် လက်ကိုင်ဖုန်းဆိုင်များတွင်လည်းကောင်း၊ ကျွမ်းကျင်သူ တစ်ဦးဦးကိုလည်းကောင်း အကူအညီတောင်း ဆောင်ရွက်နိုင်သည်။ မိမိတို့ကိုယ်တိုင်လည်း GooglePlay တွင် ဒေါင်းလုပ် ဆွဲချယူနိုင်သည်။ ဒစ်ဂျစ်တယ် လူသားဖြစ်က ဤအလုပ်မှာ မခက်ပါ။ သတင်းအချက်အလက်များကို မိုဘိုင်းလ် တယ်လီဖုန်းပေါ်တွင် ရယူနိုင်သည့် အခွင့်အလမ်းကို မဇ္ဈိမက ဖန်တီးပေးထားခြင်း ဖြစ်သည်။

ပုံနှိပ်သတင်းစာကို စွဲသူတိုင်းသည် မဇ္ဈိမ ဒစ်ဂျစ်တယ် သတင်းစာကို ရယူသုံးစွဲအပ်သည်။ မဇ္ဈိမမူအတိုင်း လွတ်လပ်မှု၊ မျှတမှု၊ တာဝန်သိမှုတို့ဖြင့် ဆက်လက်တင်ဆက်နေမည်သာဖြစ်သည်။ မဇ္ဈိမပရိသတ် အခိုင်အမာကို မဇ္ဈိမသည် အဆုံးရှုံးမခံချင်ပါ။  ဆက်လက် ချိတ်ဆက်ထားလိုပါသည်။ မဇ္ဈိမ၏ အကောင်းဆုံးသော သတင်းဝန်ဆောင်မှုကို ဆက်လက်ပေးအပ်လိုသည်။ မဇ္ဈိမ၏ အကြောင်းအရာအလိုက် ဝေဖန်သုံးသပ်မှုများကို ကြားနာကြစေလိုသည်။ မဇ္ဈိမသည် လွတ်လပ်သည့် အမှီအခိုကင်းသည့် သတင်းမီဒီယာအဖြစ် ဆက်လက်ချီတက်နေမည်သာ ဖြစ်သည်။

မီဒီယာပလက်ဖောင်းများသည် ပြောင်းလဲနေနိုင်ပါသည်။ မဇ္ဈိမကမူ မပြောင်းလဲပါ၊ ပရိသတ်များအတွက် အကောင်းချည်းသာ ဆက်လက်တင်ဆက်လိုပါသည်။

ဤနေရာတွင် မဇ္ဈိမပုံနှိပ် သတင်းစာဖတ် ပရိသတ်များကို အားပေးခဲ့သမျှသော အခိုက်အတန့်တိုင်းအတွက် ကျေးဇူး အထူး တင်ရှိပါကြောင်း ပြောလိုသည်။ မဇ္ဈိမ၏ အယ်ဒီတာချုပ်မှသည် အယ်ဒီတာများ၊ သတင်းထောက်များ အလယ်၊ အဆင့်ဆင့် အပြားပြား မဇ္ဈိမ ဝန်ထမ်းတိုင်းက မဇ္ဈိမအား အကြောင်းအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုးဖြင့် အားပေးခဲ့ကြသော၊ ကူညီခဲ့ကြသော၊ စောင်မ ခဲ့ကြသော၊ စောင့်ရှောက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် သတင်းရင်းမြစ်များ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုသည်။

အထူးအားဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောရမည်မှာ မဇ္ဈိမ၏ အမာခံပရိသတ်များဖြစ်သည်။ ထိုသူတို့နှင့် မဇ္ဈိမသည် ကွဲသွားသည် မဟုတ်ပါ၊ ကွာသွားမည် မဟုတ်ပါ။ အမြဲတပူးတွဲတွဲ ရှိနေမည်သာ ဖြစ်သည်။ သို့သော် ပုံနှိပ်သတင်းစာပေါ်တွင်တော့ မဟုတ်၊ ဒစ်ဂျစ်တယ် သတင်းစာမှတဆင့်ဖြစ်သည်။ ဒစ်ဂျစ်တယ်မှာ ပြန်ဆုံမယ်ဟု ထပ်ဆင့်ဖိတ်ခေါ်ရင်း ပုံနှိပ်သတင်းစာ ဖတ်သူများကို မဇ္ဈိမက အားပါးတရ နှုတ်ဆက်သည်။

Read 617 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 136 guests and no members online