ပညာရေး ဝန်ကြီးဌာန၊ အရာရှိဟောင်း တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနုက မူကြိုပညာရေးဆိုသည့် စကားရပ်အစား မူလတန်းကြို ပညာရေးဟု ပြင်ဆင်သင့်ကြောင်းနှင့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
၎င်းက “ပြည်ထောင်စုဖွား တိုင်းရင်းသား အသီးသီးတို့၏ ဘာသာစကားများ တိမ်ကောပပျောက်ခြင်းမရှိ ပကတိ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားလျက် ဥပဒေပြုကာ ဖော်ဆောင်လာခြင်းကို အထူးကြိုဆိုပါတယ်” ဟု ဆိုသည်။
သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို မူလတန်းကြို ပညာရေးတွင် တစ်ရာခိုင်နှုန်း၊ မူလတန်းအောက် ဆင့်တွင် ၆၀ ရာခိုင်နှုန်း၊ မူလတန်းအထက်အဆင့်တွင် ၄ဝ ရာခိုင်နှုန်း သင်ကြားခွင့်နှင့် ပတ်သက်ပြီး ကျောင်းသင်ဘာသာရပ် အဖြစ် ဖြစ်နိုင်ခြေကို လက်တွေ့ လုပ်ဆောင်မှု အောင်မြင်စေရန် အထူးအလေးအနက်ထား အချိန်ယူ စဉ်းစား ဆောင်ရွက်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနုက အကြံပြု တိုက်တွန်းခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်ဇောက “ နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်” ဟု ပြင်ဆင်သင့်ကြောင်း တင်ပြခဲ့သည်။
တိုင်းရင်းသား ကလေးငယ်များသည် မြန်မာနိုင်ငံ၏ ပင်မစကားဖြစ်သော မြန်မာစကား ပြောဆိုနိုင်မှုအားနည်း၍ ပညာသင်ကြားရေးတွင် ခက်ခဲနေကြောင်းလည်း ဗိုလ်မှူး အောင်ကျော်ဇောက ထောက်ပြပြောဆိုသည်။
၎င်းက “လေ့လာဆန်းစစ်ချက်များအရ ကျောင်းနေအရွယ် တိုင်းရင်းသား ကလေးသူငယ်များရဲ့ ကျောင်းအပ်နှံမှုဟာ ၉၅ ရာခိုင်နှုန်းခန့် ရှိသော်လည်း သူငယ်တန်းမှ တစ်တန်း၊ နှစ်တန်းစသည်ဖြင့် မူလတန်းအဆင့် ကူးပြောင်းသင်ကြားမှုဟာ ဒေသအချို့မှာ အတော်နည်းသွားတာကို တွေ့ရပါတယ်” ဟု ရှင်းပြသည်။
ပညာသင်ကြားမှု သက်တမ်း ဆယ်နှစ်အကြာ ဆယ်တန်းရောက် တိုင်းရင်းသား ကျောင်းသား/သူ ရာခိုင်နှုန်းနှင့် တက္ကသိုလ် တက်ရောက်သူ ရာခိုင်နှုန်းသည် လွန်စွာ နည်းပါးလာနေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထပ်မံ၍ အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၄၉(ခ) အဖြစ် “သင်ယူသူများသည် (က) လွတ်လပ်စွာ စဉ်းစားတွေး ခေါ်ခွင့်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုပိုင်ခွင့်ရှိသည်” ဟု ပြင်ဆင်သင့်ကြောင်းလည်း ၄င်းက တိုက်တွန်းဆွေးနွေးခဲ့သည်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို ဖျက်သိမ်းရန် ဆွေးနွေးခဲ့သည့် ဦးဖုန်းမြင့်အောင်က “ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ တခြား လိုအပ်တဲ့ ဖွဲ့စည်းပုံ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းပြီးမှသာ အမျိုး သား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုအပ်သလို ထည့်သွင်းဆွေးနွေးဖို့ လိုပါတယ်၊ တစ်နည်းအားဖြင့် ကျောင်းသားသမဂ္ဂ မရှိဘဲနဲ့ ဒီဥပဒေမှာ ထည့်မယ်၊ ကျောင်းသားသမဂ္ဂမရှိဘဲ ကျောင်းသားသမဂ္ဂတွေ ရောက်နေပြီဆိုရင် အဖေထက် သားတစ်လကြီး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို လိုအပ်တဲ့ ဥပဒေကို စောင့်ရမှာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်းကြီး တစ်ရပ်လုံးကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးတင်ပြ အပ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ကျောင်းသားများသည် Soft Power Game တွင် စမတ်ကျစွာ ဝင်ရောက် ကစားနိုင်ဖို့လိုပြီး ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂတို့ကလည်း ဖွဲ့စည်းပုံများနှင့် ဥပဒေများ ရေးဆွဲပြီးမှသာ အမျိုးသားပညာရေး ဥပဒေကို ဆွေးနွေးဖို့ လိုကြောင်းလည်း ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးအပါအဝင် ဆွေးနွေးခဲ့သော ပညာရေးဥပဒေကြမ်းတွင် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပါဝင်နေသည့်အတွက် ကြားနာမှုပြီးစီးချိန်တွင် ကိုယ်စားလှယ်တို့ ဆွေးနွေးချက်များ မဲခွဲဆုံး ဖြတ်မှုများ ရှိလာနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက မီဒီယာများကို ရှင်းပြသည်။
၎င်းက “ဥပဒေ ကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်နဲ့ တူချင်မှ တူနိုင်မယ်၊ မတူချင်လည်း မတူဘူး။ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်းမှာ တစ်ဦးချင်း ဆွေးနွေးတာလည်း မတူဘူး။ မနက်ဖြန် မဲခွဲတဲ့ ပုံစံကို လွှတ်တော် သမိုင်းမှာ ထူးထူးခြားခြားလေး ဖြစ်နိုင်တယ်” ဟု ဆိုသည်။
အမျိုးသား ပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေကြမ်းသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး နိမ့်ကျနေသည့် မြန်မာနိုင်ငံ ပညာရေးအဆင့် မြင့်မားရေးမှာ အဓိကကျကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို ကြားနာပြီး မတ်လ ၂၆ ရက်နေ့တွင် အမျိုးသား လွှတ်တော်၌ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ် အတည်ပြုမည် ဖြစ်သည်။