ပြီးခဲ့သည့် ဇွန် ၁၃ ရက်၊ ညပိုင်းက ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်းရှိ ပရိဘောဂဆိုင် တစ်ခုတွင် ယာဉ်မောင်းအလုပ် လုပ်ကိုင်ပြီး ဆိုင်၏ အလုပ်သမား တန်းလျားတွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ် ကိုမျိုးရာဇာထွန်းသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ကိုကျော်စိုးလွင်နှင့် စကားများ ရန်ဖြစ်ခဲ့ကြသည်။
ယင်းသို့ စကားများ ရန်ဖြစ်ရာမှ ကိုကျော်စိုးလွင်က ထိုးကြိတ်ကန်ကျောက်ခဲ့သဖြင့် ကိုမျိုးရာဇာထွန်းမှာ နောက်ပြန်လဲကျပြီး ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် ၎င်းက ရရှိခဲ့သည့်ဒဏ်ရာကို လှေကားပေါ်မှ ပြုတ်ကျသည်ဟုဆိုကာ ရန်ကုန်ဆေးရုံကြီး၊ ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူခဲ့ပြီးနောက် မသက်သာဘဲ နှစ်ရက်အကြာ ဇွန် ၁၅ ရက်၊ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒဂုံမြို့မ ရဲစခန်း၏ကနဦး စစ်ဆေးချက်တွင် ဖော်ပြထားသည်။
ဒဂုံမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက "ရန်ကုန်ဆေးရုံကြီးမှာ အလောင်းကို စစ်ဆေးတော့ ဦးခေါင်းနောက်စေ့ ကွဲဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာအချို့ကို တွေ့ရပါတယ်။ ကျူးလွန်သူကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်" ဟု ဇွန် ၁၆ ရက် ညနေပိုင်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူကို ဒဂုံမြို့မ ရဲစခန်းက (ပ) ၁၄၂/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။